MM Ticket Solutions Chiang Rai ချင်းရိုင်ကနေ ချင်းမိုင်ကို လိုင်းကားစီးပြီး ဘယ်လိုသွားမလဲ Bus ကားစီးမယ်ဆိုရင် သိထားသင့်တာလေးတွေ

ချင်းရိုင်ကနေ ချင်းမိုင်ကို လိုင်းကားစီးပြီး ဘယ်လိုသွားမလဲ Bus ကားစီးမယ်ဆိုရင် သိထားသင့်တာလေးတွေ

0 Comments


ချင်းရိုင်ကနေ ချင်းမိုင်ကို လိုင်းကားစီးပြီး ဘယ်လိုသွားမလဲ Bus ကားစီးမယ်ဆိုရင် သိထားသင့်တာလေးတွေ
အားလုံးပဲ မင်္ဂလာပါခင်ဗျ ၊ ချင်းရိုင်ကို ကျွန်တော် ဘန်ကောက်ကနေ လေယာဉ်နဲ့ လာခဲ့ပြီးတော့ ချင်းရိုင်မှာ ညအိပ် အနီးတဝိုက်လည်ပတ်ပြီးတော့ ချင်းမိုင်ကို ချင်းရိုင်ကနေ လိုင်းကားနဲ့ သွားခဲ့ပါတယ်ဗျ ၊ ချင်းရိုင်ကနေ ချင်းမိုင်ကို ဘယ်ဂိတ်ကနေ ဘယ်ကားစီးရမယ် ၊ ကားခဘယ်လောက်ကျသလဲနဲ့ လိုင်းကားစီးအတွေ့အကြုံလေးတွေကို ဒီဗီဒီယိုမှာ ပြောပြပေးပါမယ်ဗျ ၊


ချင်းရိုင်က Bus Terminal လိုင်းကားဂိတ်က ချင်းရိုင်မြို.လည်ခေါင်မှာရှိတာမို့ အတော်လေး အဆင်ပြေပါတယ် ၊ ချင်းရိုင်ကို အလည်လာတဲ့အခါ နာရီစင် အဝိုင်း Clock Tower သို့မဟုတ် ၊ Night Bazar နားမှာတည်းရင် သွားရေးလာရေး စားရေးသောက်ရေးအတွက် အဆင်ပြေပါတယ် ၊ လိုင်းကားဂိတ်ကလည်း ညဖက်ဆို စည်တဲ့ ချင်းရိုင်း နိုက်ဘဇားရှိတဲ့ လမ်းမှာတင်ရှိပါတယ် ဒီဆိုင်းဘုတ်ရှိတဲ့ လမ်းထဲကနေ ဝင်သွားလို့ရပါတယ် ၊ ညဈေးလမ်းဖြစ်တာမို့ မနက်ပိုင်းမှာတော့ ဘာဆိုင်မှာ မဖွင့်သေးဘူးခင်ဗျ ၊
၂ မိနစ်လောက်လျှောက် လမ်းဆုံးတာနဲ့ ကားဂိတ်ပါပဲ ဒီကားဂိတ်ကိုတော့ Chiang Rai Bus Terminal 1 လို့ ခေါ်ပါတယ် ၊ ဒီကားဂိတ်အပြင် Chiang Rai Bus Terminal 2 ဆိုပြီးတော့ မြို့အထွက်နားမှာ နောက်တစ်ဂိတ်ရှိပါတယ်ဗျ ၊ Terminal 2 မှာကတော့ ဘန်ကောက်ကလာတဲ့ ကားတွေ ရပ်ပါတယ် ၊ ဘန်ကောက်ကိုသွားမယ်ဆိုရင်လည်း Terminal 2 မှာ သွားစီးရမှာပါ ၊ အခု မြို.ထဲမှာရှိတဲ့ Terminal 1 ကတော့ ချင်းရိုင်မြို.အနီးတဝိုက်က မြို.တွေကို သွားတဲ့ကားတွေပဲ ရှိပါမယ် ၊ ချင်းမိုင်ကလည်း ချင်းရိုင်ကနေ ၃ နာရီခွဲ ၄ နာရီလောက်ပဲ စီးရတာမို့ ဒီဂိတ်မှာ စီးလို့ရပါတယ် ၊
ဒီဂိတ်မှာ ဘယ်သွားတဲ့ကားတွေရှိလဲဆိုတော့ မဲဆိုင်သွားတဲ့ လိုင်းကားတွေရှိတယ် ၊ ဘုရားဖြူသွားတဲ့ လိုင်းကားတွေရှိမယ် ၊ နောက် Changkhong သွားတဲ့ လိုင်းကားတွေရှိမယ် ၊ အခြားနေရာလေးတွေလည်း ရှိပါဦးမယ်ဗျ ၊ ကားလေးတွေကတော့ ရှေးကားပုံစံမျိုးလေးတွေပါ ၊

ချင်းမိုင်နဲ့ ချင်းရိုင်ကို အသွားအပြန်လုပ်တာက Greenbus ဆိုတဲ့ ကားကုမဏီက ကားတွေပါ ၊ ကားအတော်ကောင်းပါတယ် ၊ အွန်လိုင်းကနေ ကြိုပြီးတော့ လက်မှတ်ဝယ်ထားလို့ရပါတယ် ၊ ကျွန်တော်က ပုံမှန်ဆိုရင် အွန်လိုင်းကနေ လက်မှတ်ကြိုဝယ်တက်ပေမယ့် ၊ အခုတစ်ခေါက်ကတော့ ကားဂိတ်မှာ လက်မှတ်ဝယ်ရ ခက်မခက် သိချင်တာမို့ ကြိုမဝယ်ထားဘူးဗျ ၊ ချင်းမိုင်ကို မသွားခင် တစ်ရက်အလိုမှာ ကားဂိတ်မှာ လမ်းကြုံတာနဲ့ ဝယ်ပါတယ် ၊
ကျွန်တော်က အစက ၁၀ နာရီသွားတဲ့ ကားဝယ်တယ် ခုံမကျန်ဘူးပြောပါတယ် ၉ နာရီကားမှာကျတော့လည်း ၁ ခုံပဲ ကျန်တယ်လို့ ဆိုပါတယ် ၊ ၁၂ နာရီကားမှာတော့ ဝယ်လို့ရပါတယ် ဒါပေမယ့် ၂ ယောက်အတူတူ ခုံမရပါဘူး တစ်ယောက်တစ်နေရာစီပဲ ရပါတယ် ၊ ဒါတောင် ကျွန်တော်တစ်ရက်ကြိုဝယ်တာပါ ၊ သွားမယ့်ရက်မှ ဂိတ်မှာ ဖြတ်မယ်ဆိုရင် ဝယ်ဖို့ အတော်လေးခက်ပြီး သွားချင်တဲ့အချိန် ကွက်တိသွားရမှာ မဟုတ်ပါဘူး ၊ အဲ့တော့ ကားလက်မှတ်ကို ဖြစ်နိုင်ရင် အွန်လိုင်းကနေ ကြိုဝယ်ထားဖို့ ပြောချင်ပါတယ် ၊
လက်မှတ်ခကတော့ ချင်းမိုင်ထိကို တစ်ယောက် ၁၉၆ ဘတ်ပါ ၊ VIP ခုံဆိုရင်တော့ ၃၀၅ ဘတ်ပါ ၊ အွန်လိုင်းကဝယ်ရင်တော့ Online Booking Fees ရှိတာမို့ ဒီထက်ဈေးပိုများပါတယ် ။

Powered by 12Go system

ကားစီးရမယ့်နေ့ ကားဂိတ်ကိုရောက်ပါပြီဗျ ၊ ချင်းရိုင်ကားဂိတ်ကတော့ ချင်းရိုင်မှာနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ. ပုံလေးတွေနဲ့ အလှဆင်ထားတာကိုတွေ့ရသလို ပန်းချီပြခန်းတောင် ထည့်ထားတာတွေ့ရပါတယ်ဗျ ၊
ကျွန်တော်တို့ စီးရမယ့်ကား Green Bus ကားရဲ့ အနေအထားပါ ၊ အဲကွန်းဘက်စ်အကောင်းစားတွေပါ ၊ ကားက အချိန်မှန်ပါတယ် သူထွက်ရမယ့်အချိန် ကွက်တိထွက်ပါတယ် ၊ ခုံတွေဆိုလည်း ကောင်းပြီးတော့ သက်သောင့်သက်သာ ရှိပါတယ် ၊ နိုင်ငံခြားသား အများစုလည်း စီးကြတာကိုတွေ့ရပါတယ်ဗျ ၊ ကားပေါ်မှာတော့ ရေတစ်ဘူးနဲ့ စနိုးတာဝါ တစ်ခုပေးပါတယ်
ချင်းရိုင်ဘက်စ်တာမီနယ် ၂ ကနေစောင့်စီးသူတွေလည်း ရှိတာမို့ အဲ့ကိုလည်း ဝင်တာတွေ့ပါတယ် ၊ လမ်းမှာတော့ တစ်နေရာပဲ ဆယ်မိနစ်လောက်ရပ်ပေးပြီး ခဏပေးနားပါတယ် တောက်လျှောက်မောင်းတာမို့ ကားက ချင်းမိုင်ကို ၃ နာရီ ၄၅ မိနစ်အကြာမှာ ရောက်ပါတယ်ဗျ ၊
ချင်းမိုင်ရောက်တဲ့အခါမှာတော့ ချင်းမိုင် ဘက်စ်တာမီနယ် သရီးမှာ ရပ်ပါတယ် ၊ ဒါကတော့ ချင်းမိုင်က ကားဝင်းပါ ၊ ဒီကနေ ကားဌားပြီးတော့ ကိုယ်တည်းမယ့်နေရာကို ဆက်သွားနိုင်သလို ၊ ဘက်စ်ကားပုံစံမျိုး ကားနီးလေးတွေနဲ့လည်း သွားလို့ရပါတယ် ၊ ချင်းမိုင် ကနေ ချင်းရိုင် ၊ ချင်းရိုင်ကနေ ချင်းမိုင်ကို လိုင်းကားနဲ့သွားချင်သူတွေအတွက် ဒီ Green Bus က ကားလည်း သင့်တင့်ကောင်းမွန်ပြီး ဈေးလည်းမကြီးတာမို့ အဆင်ပြေတယ်လို့ ညွှန်းပေးချင်ပါတယ်ဗျ။

Leave a Reply

Your email address will not be published. Required fields are marked *